Wednesday, December 1, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၃)

(အပိုင်း (၂) မှ အဆက်)

ကျောရိုး ခိုင်မာရန် အသိပညာစွမ်းရည် တိုးတက်ဖွံ.ဖြိုးစေခြင်းနှင့် စည်းလုံးညီညွတ်ရေးနည်းလမ်းများ

                           ပြန်ချုပ်ရလျှင် ဒီမိုကရေစီစနစ်ကြောင့် တိုင်းပြည်နှင့် လူမျိုး တိုးတက်တည်ငြိမ်မှုကို ရရှိနိုင်သည်မှာ ကြိမ်းသေသည်။ ဘယ်လို အသွင်ကူးပြောင်းကြမလဲနှင့် ခိုင်မြဲအောင် ဘယ်လို လုပ်မလဲ ဆိုလျှင် အပေါ် (အပိုင်း - ၂) က အချက်များကို ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါသည်။ ကျွန်တော်တို. ယခု အင်တာနက်နှင့် Facebook သုံးနေကြသည်။ အင်တာနက်နှင့် Facebook သည် ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံးထက် ကျယ်ပြန်.နိုင်သော အရာများဖြစ်ပါသည်။ ထိုအရာတို.ကို အသုံးချရပါမည်။ ထိုသို. အသုံးချရာတွင် အရင်ဆုံး ဦးစားပေးလုပ်ရမည့် အချက်မှာ ကျွန်တော်တို.၏ ဗဟုသုတများ၊ သိမှတ်နားလည်မှုများကို ဒီမိုကရေစီအသွင်ကူးပြောင်းရပါမည်။ လူအနည်းငယ်သာ သိနေသေးသော အရာများကို သာမန်ပြည်သူအားလုံး (အထူးသဖြင့် မျိုးဆက်သစ်တို.) သိရှိနားလည်လာအောင် ဖြန်.ဖြူး မျှဝေပေးတတ်ရမည် ဖြစ်ပါသည်။ လုပ်နိုင်သော နည်းလမ်း ၄ မျိုးမှာ -

(၁) Online Deliberations (အွန်လိုင်းပေါ်တွင် Agenda တို.ကို စဉ်းစားဆွေးနွေး နှိုင်းချိန်မှု)

(၂) Proxy Dialogues (Deliberative Process ၊ ဆွေးနွေးဖြစ်စေရန် ကြားခံမီဒီယာတို.မှတဆင့် အပြန်အလှန်ပြောဆိုကြခြင်း)

(၃) Community Forums (နီးစပ်ရာ အသိုင်းအ၀ိုင်းတို.တွင် ဖိုရမ်တည်ဆောက်၊ လေ့ကျင့်၊ ဆွေးနွေး၊ အားလုံးကို ပါဝင်စေခြင်း)

(၄) Self-Facilitated Discussions (အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ Discussion Guidelines များ ချမှတ်ကာ Video (သို.) တခြားတစ်ခုခုကို သုံးခြင်းဖြင့် Deliberative Process ဖြစ်အောင် လုပ်ကြခြင်း)

                       အထက်ပါနည်းလမ်းများ သုံးကြခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးကြား သဘောတူညီမှုများ တည်ဆောက်ကြပြီး ဘုံကောင်းကျိုး (Common Good) တို.အတွက် ဖြေရှင်းနိုင်သော နည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။ အားလုံး ပါဝင်လာနိုင်အောင်လည်း လှုံ.ဆော် စည်းရုံးရမည် ဖြစ်သလို ကြိုးကိုင်ချယ်လှယ်ခြင်း ကင်းဝေးစွာဖြင့် ဆွေးနွေး ပြောဆိုကြရမည် ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ တွေးခေါ် ပြောဆိုကြရမည်ဖြစ်သည်။ (America speaks အဖွဲ.မှ ထုတ်ဝေသော Millions of voices စာအုပ်ကို မှီငြမ်းပါသည်)

ဆွေးနွေးရာတွင် သိထားရမည့် အခြေခံဥပဒေသများ 

(၁) ပါဝင်ဆွေးနွေးသူများကို မှန်ကန်သော အသိပညာ၊ သတင်းအချက်အလက်နှင့် ဗဟုသုတတို.ကို လွတ်လပ်မျှတစွာ ဖြန်.ဖြူး ပို.ချ မျှဝေပေးရမည်။

(၂) ဆွေးနွေးရမည့်အချက်များ၊ ကိစ္စများ၊ Agenda များကို ဓမ္မဓိဌာန်ကျကျ ဘောင်ခတ်တည်ဆောက် စီစဉ်တတ်ရမည်။

(၃) တိုင်းရင်းသား လူမျိုးနွယ်စုမျိုးစုံ ပါဝင်နိုင်လေလေ ပိုမိုထိရောက်နိုင်လေ ဖြစ်သည်။

(၄) မူဝါဒဖန်တီးသူတို.နှင့် ယုံကြည်မှု (သို.) မယုံကြည်မှု တည်ဆောက်ကြရမည်။

(၅) အရည်အသွေးမြင့် စဉ်းစားဆင်ခြင် နှိုင်းချိန်တတ်ခြင်း (Quality Deliberation) ကို အသိအမှတ်ပြု အားပေးကြရမည်ဖြစ်သလို ကျောသားရင်သား မခွဲခြားဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှုကို မြေတောင်မြှောက်ပေးကြရမည် ဖြစ်သည်။

(၆) ပြည်သူလူထု၏ တစ်သားတည်းဖြစ်သော သဘောထားကို ဖော်ထုတ်ပြသနိုင်ရမည်။

(၇) တခြား မပါဝင်သေးသူများ ပါဝင်လာအောင် စည်းရုံးကာ အင်အားစုဆောင်းရမည် ဖြစ်သလို အားလုံး ပါဝင်ထားမှု (Total Involvement) ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရမည်။


Long before the Soviet Union broke up, a group of Russian writers touring the United States were astonished to find, after reading the newspapers and watching television, that almost all the opinions on all the vital issues were the same. “In our country,” said one of them, “to get that result we have a dictatorship. We imprison people. We tear out their fingernails. Here you have none of that. How do you do it? What’s the secret?”

[ - John Pilger, “In the freest press on earth, humanity is reported in terms of its usefulness to US power” , 20 February, 2001]

                       အမေရိကန်ဒီမိုကရေစီ အောင်မြင် အဓွန်.ရှည်ရခြင်း၏ လျှို.ချက်ဝှက်များမှာ အပေါ်က ၇ ချက်နှင့် နည်းလမ်း ၄ မျိုး တို.ကိုကျင့်သုံးခြင်းတို.ကြောင့်ပင် ဖြစ်ရမည်ဟု ယုံကြည်နေမိပါသည်။ ထို ၇ ချက်နှင့် နည်းလမ်း ၄ မျိုးတို.ကို ကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီအလေ့အထများကို နောင်လာနောင်သားတို.အတွက်  သန္ဓေတည် ပျိုးထောင်ကြရပါမည်ဖြစ်သလို ကျောရိုးခိုင်မာစေရန်လည်း ယင်းတို.ဖြင့်ပင် ဆက်လက်ဆောင်ရွက်သွားကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။  


၂း၂ ။               ။ အုပ်ချုပ်မှု အဓိကပုံစံနှစ်မျိုး မိတ်ဆက်                    

                    
                       ကျောရိုးမှာတင် တော်တော် ပေရှည်သွားလို. ဒီဟာကို မိတ်ဆက်မျှသာ ရေးပါရစေ။ ဒီမိုကရေစီနှင့် အသားကျပြီးသားနိုင်ငံတိုင်းတွင် အာဏာသုံးရပ်လုံး (Legislative, Executive, Judiciary) L, E, J ကို အပြည့်အ၀ ခွဲခြားထားခြင်း မရှိတတ်ပါ။ (ခွဲဖို. မလိုတာမျိုးလည်း ရှိတတ်၏။ မခွဲချင်တာမျိုးလည်း ရှိတတ်၏) တချို.ကျတော့ ပါဝါ တစ်ခုနှင့် တစ်ခု ထပ်နေတတ်သည်။ လွယ်လွယ်ပြောရရင် အာဏာခွဲခြားခြင်း (Separation of Powers) သည် သမ္မတစနစ်နှင့် ပို ဆက်စပ်မှု ရှိပြီး အာဏာပေါင်းစပ်ခြင်း (Fusion of Powers) သည် ပါလီမန်စနစ်နှင့် ပို၍ နီးစပ်သည်။ အမေရိကန်အစိုးရဖွဲ.စည်းပုံတွင် တိကျရှင်းလင်းသော ပါဝါ စည်းခြားမှုကို တွေ.ရသော်လည်း ဗြိတိန်တွင်မူ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာ နှစ်ခုပေါင်းစပ်ထားသော ပါလီမန်စနစ်မှာလည်း အောင်မြင်နေသည်ကို တွေ.ရ၏။ ပါဝါ ခြားနားမှုသဘောတို.နှင့် နိုင်ငံရေးလုပ်ရိုးလုပ်စဉ်တို.မည်သည် တစ်ခါတစ်ရံ ရှုပ်ထွေး၏။ ပြည်သူအများ သိရခက်နိုင်၏။ အာဏာ အတိအကျခွဲဝေခြင်းသည် သာမန်ပြည်သူလူထုအတွက် တစ်ခါတစ်ရံ နားလည်ရခက်စေနိုင်၏။ ထို.ကြောင့် ရှင်းလင်းလွယ်ကူသော ပါလီမန်စနစ်မှာလည်း အောင်မြင်နေရခြင်းဖြစ်သည်။ ကမ္ဘာ.နိုင်ငံများရှိ အုပ်ချုပ်မှု အဓိကပုံစံနှစ်မျိုးမှာ -

-         သမ္မတစနစ် (Presidential System)
-         ပါလီမန်စနစ် (Parliamentary System)          တို.ဖြစ်ကြ၏။

သမ္မတစနစ်

                           သမ္မတစနစ်ဆိုသည်မှာ သမ္မတနိုင်ငံတော်တစ်ခု (Republic) ၏ အစိုးရဖွဲ.စည်းပုံစနစ်တစ်ခုပင် ဖြစ်လေသည်။ အုပ်ချုပ်ရေး ကိုင်းခွဲ (Executive Branch) ကို ဥပဒေပြုရေး ကိုင်းခွဲ (Legislative Branch) နှင့် သီးခြား ခွဲထုတ်ကာ သမ္မတကို ရွေးကောက်တင်မြှောက်ရသည်။ သမ္မတစနစ်တွင် အစိုးရအဖွဲ.၌ သမ္မတ၊ ဒုတိယ သမ္မတနှင့် ၀န်ကြီးများအဖွဲ. ပါဝင်သည်။ အခြေခံသဘောအားဖြင့် တူညီနိုင်သော်လည်း တစ်နိုင်ငံချင်းစီတွင် သမ္မတစနစ်အမျိုးမျိုး ကွဲနေနိုင်လေသည်။

ပါလီမန်စနစ်

                         ပါလီမန်စနစ်တွင်မူ အုပ်ချုပ်ရေးကိုင်းခွဲမှ ၀န်ကြီးများသည် ဥပဒေပြုရေး ကိုင်းခွဲမှ ရေးဆွဲချက်အရ ဆင်းသက်လာကြပြီး ဥပဒေပြုရေးအဖွဲ.အပေါ် တာဝန်စောင့်ထိန်း (Accountable) ရလေသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကိုင်းခွဲနှစ်ခုတို.သည် လိမ်ယှက် ရောထွေး (Intertwined) နေတတ်ကာ အုပ်ချုပ်ရေး ကိုင်းခွဲသည် ပါလီမန်၏ တိုက်ရိုက် (သို.) သွယ်ဝိုက် ထောက်ခံမှုအပေါ် မှီခိုရပြီး ပါလီမန်မှ ထောက်ခံမဲ (Vote of confidence) များ ပေးခြင်းဖြင့် အတည်ပြုပေးရ၏။ ပါလီမန်စနစ်တွင် အစိုးရအဖွဲ.၌ ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးချုပ်နှင့် ၀န်ကြီးများအဖွဲ. ပါဝင်သည်။ ပါလီမန်စနစ်လည်း နိုင်ငံအလိုက် ကွဲပြားမှုများ ရှိနိုင်လေသည်။

                          [ ခြွင်းချက် - တရုတ်နှင့် ရုရှားတို.တွင်မူ သမ္မတရော ၀န်ကြီးချုပ်ရော ရှိနေပြန်သည်။ မိတ်ဆက်နိဒါန်း ပေးခြင်းမျှသာ ဖြစ်ပြီး ဆက်လက် လေ့လာနိုင်ကြရန်သာ ရည်ရွယ်ပါသည်]

အဆင်ပြေနိုင်ကြပါစေ။
ခွန်းချို
စက်တင်ဘာ ၁၆ - ၂၀ ၊ ၂၀၁၀

No comments:

Post a Comment